Subscribe Twitter
Showing posts with label ဓမ္မဆောင်းပါး. Show all posts
Showing posts with label ဓမ္မဆောင်းပါး. Show all posts
Friday, December 10, 2010
သရဏဂုံမတည်ကြသူများ
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
Photo-Google
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သဃံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏(ပူဇော်ပါ၏)
ဓမ္မံ တရားတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏(ပူဇော်ပါ၏)
သဃံ သံဃာတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါ၏(ပူဇော်ပါ၏)
သရဏဂုံသုံးပါးကို ဗုဒ္ဓဘာသာဝင်တိုင်းသိကြပါ၏။ သို့သော် တည်ခြင်းမတည်ခြင်း မိမိကိုယ်မိမိသာ အသိဆုံးပါ။ မြတ်စွာဘုရားရှင်လက်ထက် မြတ်စွာဘုရားတရားတော် တပုဒ်ဆုံးလျှင် အနည်းဆုံး ထောင်သောင်း မကသော လူ၊ နတ်၊ ဗြဟ္မာအများ သရဏဂုံ တည်သွားကြပါသည်။ ရှေးပဝေသဏီကမှား ခဲ့ကြသော အယူမှား မိစ္ဆာဒိဌိအယူများ ချက်ခြင်းပျောက်၍ မြတ်စွာဘုရားအပေါ်သော်လည်းကောင်း၊ မြတ်စွာဘုရားဟောကြားသော တရားတော်အပေါ်တွင်သော်လည်းကောင်း မြတ်စွာဘုရားရှင်၏ တပည့် သာဝကများအပေါ်တွင်လည်းကောင်း ယုံမှားခြင်းအယူများပျောက်ကွယ်၍​ သရဏဂုံတည်သွားကြ၏။ ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်ကြကုန်၏။ သရဏဂုံတည်ခြင်းသည် တစ်ခြားတစ်ခြားသော ဘာသာတို့ အပေါ်သက်ဝင်ယုံကြည်မှု အလျင်းမရှိစေရ။ မရှိတော့ပါ။ မြဲမြံသောသက်ဝင်ယုံ ကြည်မှုကိုခေါ်ခြင်းလည်း ဖြစ်ပါသည်။ ကွယ်လွန် သွားသော သူအား သရဏဂုံတင်၍ ထိုသူ(နာမ်မဲ့) မရပါ။ ထိုသူသည် ဘာသာခြားဖြစ်ပါက ပို၍သာမရနိုင်ပါ။ ဘာကြောင့် ပြုလုပ်နေကြပါသလဲ။ ထိုကွယ်လွန်သောသူ မရပါက လိုက်ပါပို့ဆောင်သူများ သူနှင့်ပတ်သက်သော ဘုံစဉ်ခြားများရနိုင်လို့ပါ။ အသိသည်လွန်စွာအရေးကြီးပါ၏။ (အ၀ိဇ္ဖာ) မသိမှုကြောင့်မိုက်မှားကြ၏။ အယူမှားကြ၏။ ထိုအယူမှားကို မှားမှန်းသိလျှက်နဲ့ ရှေ့တိုးသွားပါက ထိုထက်မိုက်မဲသောသူ မရှိနိုင်တော့ပါ။ သရဏဂုံတည်ခြင်းမှာ သုံးပါးပြည့်စုံမှပိုမှန်ပါမည်။ ဘုရားတော့ ကန်တော့ပါတယ်၊ တရားလည်းအားထုတ်တယ် နာယူတယ် ရွတ်ဖတ်တယ်၊ သံဃာကို သတ်ရင်တော့ ထိုသူဟာ လားရာဂတိ အ၀ီစိပါ။ ရွှေကျောင်းဆောက်လှူလည်း အပ္ပါယ်က လွတ်နိုင်မည်မဟုတ်။ မြတ်စွာ ဘုရား၏ သာသနာအဓွန့်ရှည်ရန်မှာ မြတ်စွာဘုရားရှင်ဟောကြားသောတရားတော်ကို စောင့်ရှောက်ဖို့ သံဃာတော်များရှိရန်လိုပါသည်။ နောက်ဆုံး သရဏဂုံတည်ခြင်းသည် မိမိဘာသာအပေါ် ယုံကြည်စွာ သက်တဆုံး ယုံကြည်စွာကိုးကွယ်ခြင်းပါလို့ ပြောလိုက်ပါရစေ၏။ (ရသအတွေး)
Saturday, November 20, 2010
ကောင်းသောနေ့ပါ...A Good Day
လပြည့်နေ့မှာ ကုသိုလ်ကောင်းမှုဘာလုပ်ဖြစ်လဲမိတ်ဆွေ....
ကျွန်တော်ကတော့ တရားမထိုင်ဖြစ်တော့ ခုဒီမှာရေးထားတဲ့ ဂါထာလေးရွတ်ဖြစ်တယ်၊ မေတ္တာပို့ဖြစ်တယ်။ မိတ်ဆွေလည်း၊ ငါးပါးသီလ၊ ယူပြီး....တစ်ခုခုတော့လုပ်ပါ။ ဒီဂါထာလေးလည်းယုံကြည်စွာရွတ်ပါလေ.....
ဂါထာလေးကတော့------(ပါဠိ)
နမောတေ ဗုဒ္ဓ၀ီရတ္ထု
ဝိပ္ပမုတ္တေသိ သဗ္ဗဓိ
သမ္မာဓ ပဋိပ္ပန္နော သ္မိံ၊
တဿမေ သရဏံ ဘ၀။
အနက်ကတော့------(မြန်မာပြန်)
ကြီးမြတ်ရဲရင့်၍ လုံလရှိတော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားအား တပည့်တော်ရှိခိုးပါ၏။ အရှင်ဘုရား သည် ခပ်သိမ်းသော ဘေးဒုက္ခဟူသမျှတို့မှ ချမ်းမြေ့ကြည်ဖြူ လွတ်တော်မူပါပြီ။ ကျဥ်းမြောင်းစွာလှ အကျပ် အတည်း အခက်အခဲဘေးဒုက္ခတို့ကျရောက်နေသည့် တပည့်တော်၏ ကိုးကွယ်ရာဖြစ်တော်မူပါ၏ ဘုရားဟု...ဆိုပါလေ။
Monday, October 25, 2010
ဘုရားပုံတော်အကြောင်း
( ကျွန်တော် http://dongling.org/b931.html ဒီဆိုဒ်မှဒေါင်းထားတဲ့ပုံတော်-အပေါ်ပုံ )
(မေးမှလာသောပုံတော်)
ကျွန်တော့ဆီကို Forward မေးတစ်ခုရောက်လာတယ်။ ကိုဒေါင်းဇော်ဇော်သိမ်း ပို့လိုက်တဲ့မေးပါ။ သူလည်း တစ်စုံတစ်ယောက်ဆီကရတာထင်တယ်။ အောက်ပါစာသားကတော့ ကျွန်တော်ဆီရောက်လာတဲ့ မေးထဲကပါ-
နိုင်ငံခြား ယောဂီတစ်ဦး ဗုဒ္ဓဘာသာဆိုင်ရာ တရားများကို အားထုတ်ဖြစ်ပြီး မြတ်စွာဘုရားရှင်ကို မြင်ဖူးချင်စိတ် ပြင်းပြစွာဖြစ်ပေါ် လာပြီး အနှစ် (၂၀) တရားအားထုတ်၍ အဓိဌာန်ပြီး မြတ်စွာဘုရား တရားအားထုတ်ခဲ့တဲ့ ညောင်ပင်ကို ဓါတ်ပုံရိုက်လိုက်ရာမှ ယခုပုံကိုတွေ့ရခြင်းဖြစ်သည်ဟု ဖတ်လိုက်ရပါတယ်။ အကျယ်ကိုရှင်းပြထားတာတော့ တော်တော်များတယ် ဒါပေမယ့် အချိန်မရလို့ ဒီလောက်ပဲရေးပေးလိုက်ပါတယ် ဟုတ်တာမဟုတ်တာ အပထား၊ ဗဟုသုတအနေနဲ့ သိမြင်ခွင့်ရအောင် လို့ တင်ပေးလိုက်ပါတယ်။
ကျွန်တော်ကလည်းပြောချင်နေပါတယ်။ ကြည်ညိုချင်တဲ့စိတ်၊ ဖူးမျှော်ချင်တဲ့စိတ် (သဒ္ဒါ) ရှိတာကိုတော့ လေးစားပါတယ်။ ကျွန်တော်ကလည်းတိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ( ၈) ရက်လောက်ကမှ ၎င်းမေးကလာတဲ့ ပုံနဲ့ ဆင်တူတဲ့ ပုံတစ်ပုံကို http://dongling.org/b931.html အဲဒီလင့်ကနေ ရလာခဲ့တယ်။ ဒေါင်းခဲ့တယ်။ ပုံတော်နှစ်ပုံ ဘာကွာခြားလဲယှဉ်ကြည့်ပါမိတ်ဆွေတို့။
-------သုံးဆယ့်နှစ်ပါးသော၊ ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတောငယ်၊ တင့်တယ်ယိုဖိတ်၊ အင်္ဂါတော်အစိတ်ကို၊ လင်္ကရိပ်ပြရာဉ် နားပန်တော်အစုံ နှစ်ဖက်မှသည်၊ နဖူးတော်ဆံစသို့ ယှက်ကူးကာ တောက်ပသော ဥဏှီသ သင်းကျစ်တော်တစ်ဖြာ-
--------နာရကာရွှေစင်၊ နဖူးတော်အပြင်ဉ် စို့သက်တံအသွင်ဖြင့်၊ ကော့ညွတ်ပျော့ ပေါ်လွင်သည့် နှစ်ဖက်သော မျက်မှောင်တော်တစ်တန်၊ ပဘံကရ မျက်မှောက်တော်အစမှာ၊ လောမထွေထူး၊ ညာရစ်ခွေဖြင့်၊ ငွေရောင်ခြည်သဏ္ဍာန်၊ တစ်လံ ၀က်လောက်၊ ၀န်း၍ တောက်ပသော၊ ဥဏ္ဏလုံးမွှေးရှင်-
--------ပိတုန်း ရောင်သွင်၊ မည်းမှောင်လွင်သဖြင့်၊ ကျောက်န၀ရတ်သဖွယ်၊ သောက်ရှူးကြည့်တစ်ဝ၊ ရှုကြည့်တိုင်းတောက်ပသော၊ မံကစက္ခုတော်နှစ်ဖြာ-
--------ပြယိုး.ယားပွင့်၊ ရွှေပန်းဆိုင်းဆင့်သကဲ့သို့၊ မမြင့်မမောက်၊ မကောက်မချွန်၊ အလွန်ရှုချင်ဖွယ်ရာသော၊ နှာတံနှာသီးတော်မြတ်-
--------လျောက်ပတ်သားနား၊ ကွန့်ကွန့်လျားသော၊ ပါးတော်မြတ်နှစ်သွယ်-
--------ပုလဲရတနာ၊ သာခွာဘော်ကြူ၊ ဖွေးဖွေးလူးလျက်၊ ဖြူစင်ကြယ်လှစွာသော သွားတော်မြတ်လေးဆယ်၊ စွယ်တော်မြတ်လေးဆူနှင့်တကွ၊ ပြန့်ပြန့်ညီညာ၊ နီလှစွာသော၊လျှာတော်မြတ်စသည့် ကိုယ်အင်္ဂါတော်အစိတ်တို့ဖြင့်၊ ယိုဖိတ်ယှက်သန်းလျက်၊ ချီးမွမ်းအံ့သြ၊ ပြောပ၍ မပြီးနိုင်သဖြင့်၊ အလွန်အကျူး၊ အထူးသပ္ပါယ်တော်မူထသော.........(ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ ပကိဏ္ဏက နမက္ကာရခေါ် အ၀ိန္တေယျ ဘုရားရှိခိုးကြီးမှ ကောက်နှုတ်ရေးသားရခြင်း) အားလုံး(၁၆) ပိုဒ်ရှိပါတယ်။ ဒီအပိုဒ်က နံပါတ် ၇ ခုမြောက်အပိုဒ်။ လေ့လာကြည့်ပေါ့။ ဘုရားဟောတရားတွေကိ (ု ယောနိသောမဏသီကာရ ) နှလုံးသွင်းမှန် ကန်မှု တို့ဖြင့် တရားတော်မြတ်တို့၏ အမှန်တကယ်ရှိခြင်းကိုသိရှိလျင်လည်းပဲ ဘုရားရှင်အားဖူးမျှော်ခွင့် ရသလိုပါပဲ။ ပုံတော်ကိုဖူးရမှမဟုတ်ပါ။ ပုံတော်တွေကိုကြည့်ပါ-တရုတ်ကလာတဲ့ ဘုရားဆင်းတုတော်တွေ၊ ပုံတော်တွေဆိုရင် တရုတ်ပုံ၊ ပန်းပုဆရာက သူ့မျက်စိအာရုံထဲ သူ့လူမျိုးတွေပဲမြင်ယောင်ပြီး ထုလုပ်တာကိုး။ လချာမီ၊ အပ္ပနားတို့ဆီက ဆင်းတုတွေဆိုလည်း သူတို့ပုံပဲပေါ်နေတာ။ ပုဂံခေတ်က ဘုရားတွေကိုလေ့လာကြည့်ပါ ပုဂံခေတ်ကလူတွေပုံပဲမဟုတ်လား။ မြတ်စွာဘုရားဟာ အိန္ဒိယမှာပွင့် ပေမယ်လို့ အိန္ဒိယလူမျိုး မဟုတ်ပါဘူး။ သကျသာကီနွယ်၊ သကျသာကီမျိုးပါ။ ဘာပဲဖြစ်ဖြစ် ဉာဏ်ဖြင့်ကြည်ညိုပူဇော်ခြင်း သည်သာ အမှန်တကယ်ပူဇော်ခြင်းပါ။
Monday, October 18, 2010
ကျွန်တော်နှင့် ၀ိပဿနာ - ၂
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ
ပုံတော် Google မှ
ကျွန်တော် တစ်နေ့ကပြောခဲ့သလို ၀ိပဿနာတရား အားထုတ်မည့်သူများသည် ကိုယ်နှုတ်စင်ကြယ်မှု (သီလ၀ိသုဒ္ဓိ)၊ စိတ်နုလုံးစင်ကြယ်မှု(စိတ္တ၀ိသုဒ္ဓိ)၊ တို့ကိုထူထောင်ပြီးနောက် နာမ်ရုပ်ကို သိမှု(ဒိဌိဝိသုဒ္ဓိ) နှင့် နာမ်ရုပ်တို့၏ အကြောင်းကိုသိမှု(ကင်္ခါဝိတရဏ၀ိသုဒ္ဓိ) တို့ကိုထူးထာင်ရမည်။ နောက်အားထုတ်ရပါတယ်။ ပါဠိလို အာနာပါန ထွက်လေ၀င်လေကို စမှတ်ပေါ့။ ဘယ်လိုမှတ်မှတ် အဓိကကသမာဓိရဖို့ပါ။ ထွက်လေ၀င်လေ မမှတ်တတ်ရင်လည်း၊ စိတ္တာနုပဿနာနည်းအရ အာရုံ(၆) ပါးတွင်ထင်လာသော (မျက်စိ၊နား၊နှာခေါင်း၊ လျှာ၊ကိုယ်၊ စိတ်) ပေါ်တာလေးတွေကိုမှတ်ပေါ့။ ဒီတွင်မျက်စိသည်မှိတ်ထားပါ၍ အာရုံတစ်ပါးလျော့သွားရတယ်။ လျှာသည်လည်း ထိုင်တရားမှတ်နေစဉ်အတွင်း စားသုံးမှုမရှိသဖြင့် အာရုံတစ်ပါးလျော့သွားပြန်သည်။ ကျန်သောအာရုံ လေးပါးကိုသာ သတိစိုက်မှတ်ပါ။ ၀ိပဿနာတရားတွင် သတိသည်အလွန် အရေးကြီးသော အပိုင်းဖြစ်တယ်။ သတိဖြင့် ဖြစ်ပျက် ကိုစောင့်ကြည့်ရှုရသောနည်းဖြစ်လို့ သတိပိုသည်မရှိပါ။
ဝိပဿနာတရားအားထုတ်သူများသည် အောက်ပါ အဆင့်လေးတွေကိုတော့ ပြည့်စုံသင့်သည်-
(၁) သီလ ရှိခြင်း (ငါးပါး၊ ရှစ်ပါး၊ ကိုးပါး ၊ ဆယ်ပါး) စသည့်သီလ ငါးပါးဆိုလည်းလုံလောက်ပါတယ်။
(၂) သမာဓိရှိခြင်း (တည်ကြည်စွာ အာယုံနောက်မနေပဲ စိတ်ကြည်လင်နေသာအချိန်)
(၃) ဒိဌိကင်းခြင်း (လုံးဝယုံကြည်သက်ဝင်ရမည်)
(၄) ၀ိစိကိစ္ဆာကင်းခြင်း (ယုံမှားသံသယမရှိစေရပါ-တရားထူးသည်ရှိကိုရှိသည်စိတ်ဖြင့်အားထုတ်ရမည်)
           ဤနေရာတွင်သမာဓိသည် ခဏိက သမာဓိသာလိုအပ်ပါသည်။ ၀ိပဿနာ အဆင့်ကူးရာတွင် သမာဓိ လွန်ကဲ၍မရပါ။ မလိုအပ်ပေ။ ၀င်လေထွက်လေကို စမှတ်အားထုတ်သောသူသည် ကြာလာသည်နှင့် အမျှ လေ၀င်ထွက် တို-ရှည် ကိုသိလာမည်။ နောက်ကူးပြောင်း၍ ဒွာရ (၆) ပါးတွင်ထင်လာသော ဒုက္ခ၊ သုခ ဝေဒနာ တွေကိုပြန်မှတ် (စိတ္တာနုပဿနာနည်းအရ)၊ ကာယာနုပဿနာနည်းအရ ကိုယ်တွင် ထင်လာသော ပူ၊ အေး၊ လှုပ်၊ ဆင်းရဲ၊ ချမ်းသာ (၅) မျိုးကိုပြောင်းမှတ်နေရမည်။ ဒါမှဝိပဿနာ ဘက်ကူးပြောင်းမှာ ဖြစ်တယ်။ လေ၀င်လေထွက် မှတ်တာကြာလာသည်နှင့် အမျှ သမာဓိအားကောင်းလာသည်သော် ၀ိပဿနာဘက် မပြောင်း ပါကဈန် အဆင့်သို့ရောက်သွားပေမည်။ ပြောင်းမှသာဝိပဿနာဘက်ရောက်မည်။ နာမ် ရုပ် ကိုသေချာကွဲပြားစွာသိသောဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်) ရောက်မှာသာ ဘ၀နောင်ရေးစိတ်ချရပေမည်။  ပညတ်ပရမတ်
ပညတ်အကြောင်း ပရမတ် ကို အသေးစိတ်သိချင်ရင်တော့ ၀ိသုဒ္ဒိမဂ် မြန်မာပြန်စာအုတ်ထဲမှာ ဖတ်နိုင်ပါတယ်။
ပညတ်ဆိုတာ အမှန်တကယ်ရှိတယ်လို့ ထင်ရပေမယ့် အမှန်တကယ်မရှိသော အရာကိုပညတ်ဟုခ်ါသည်။
ဥပမာ ဇွန်းကို ခတ်စရာလို့ခေါ်လည်းရတယ်။ မွေးကာစ ခလေးတစ်ယောက်ကို မောင်ဘ၊ အသားမဲပါက မောင်မဲ၊ အသားဖြူပါက မောင်ဖြူ ပေးသလို အဲဒါတွေဟာပညတ်တွေပါပဲ။  ဒီထက်ရှင်း အောင်ကျွန်တော် မပြောပြတတ်ပါ။ ပညတ်ပရမတ်ကွဲလျှင် အတ္တ အနတ္တ သေချာသိပါပြီ။ ရုပ်-နာမ်ကွဲပါပြီ။ ရုပ် နာမ်ကွဲ လျှင် နိဗ္ပာန် သို့ရောက်ဖို့မဝေးတော့ပြီ။
ပရမတ်ဆိုတာ  အမှန်တကယ်မရှိဘူးလို့ထင်ရပေမယ့် အမှန်တကယ်ရှိသောအရာကိုခေါ် ပါသည်။
ပရမတ်ကြတော့ မြတ်စွာဘုရားဟော တရားတော်များကို ပိုင်းခြားသိသောအသိပင်ဖြစ်သည်။ နာမ် ရုပ်ကွဲပြားသော ဉာဏ် နာမရူပရိတ္ဆေဒဉာဏ်ကဲ့သိုသော ဉာဏ်၊ ထိုထက်ပိုသိသော ဉာဏ်များကို ကျင့်သိဖြစ်ရရှိ သိရှိခြင်းပင်ဖြစ်သည်။
ကွဲအုံးမှ။ ဒါတောင် ဘ၀ကူးရာတွင် ဖြစ်ပျက် သိမှ။ အိပ်ပျော်နေစဉ် ကူးပြောင်းပါက (မောဟ) ဖြစ်လို့ အပါယ်ရောက် မည်မှာမလွဲပေ။ ပိုပြီးစိတ်ချရသော အကြောင်းကိုသိသောဉာဏ် (ပစ္စယ ပရိဂ္ဂဟဉာဏ်) ရဖို့လိုအပ်ပါသည်။ ထိုလောက်သိမှ ကလျာဏပုတုဇဉ် ဖြစ်မည်။
ကိုယ်တိုင်ရေး
Friday, October 15, 2010
ကျွန်တော်နှင့် ၀ိပဿနာ
ဒီအကြောင်းကို ကျွန်တော်ရေးချင်နေတာကြာပါပြီ။ ၀ိပဿနာကို မင်းကဘယ်လောက်သိသလဲ မေးစရာ တော့ရှိပါတယ်။ ကျွန်တော်လည်းသိသလောက်ပဲရေးတာပါပဲ။ ကျင့်သိနဲ့ရတဲ့ဘာဝနာပါ။ စာကတော့ ကျွန်တော်လည်းမတတ်ပါဘူး။ ပါဠိစာတွေကိုတော့ ဆရာတော်တွေကိုမေးမြန်းရပါတယ်။ ခုလူငယ်တော် တော်များများဟာ Online မှာအချိန်ဖြုန်းကြပါတယ်။ ၀ိပဿနာဆိုတာ လူကြီးတွေနဲ့ပဲဆိုင်တာ၊  ငါတို့နဲ့လာလားမှမသက်ဆိုင် ဆိုပြီးနေနေကြဟန်တူပါတယ်။ Facebook - G talk Chatting တွေမှာပျော် နေကြပုံရပါတယ်။ ဒါတွေဟာအလကားပါလို့လည်းဆိုလိုပုံပေါ်ပါတယ်။ အရွယ်သုံးပါးဆိုတာမရှိပါဘူး။ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် မရောက်မှီ သေပြီ။ ကင်ဆာ၊ TB၊ ဆီးချို၊ သွေးတိုး၊ လေငန်း စတာတွေဟာငယ်ငယ်ရွယ်ရွယ် နဲ့ဖြစ်လာနေကြပါပြီ။ ဩကာသ ကန်တော့ချိုးလောက်နဲ့ ကျေနပ်မယ်ဆိုရင် (ဆရာတော်ဦးကောသလ္လပြောသလို) ပန်းတင်ခုံနဲ့ပဲ ဘ၀အဆုံးသတ်သွားပါမယ်။ သီလအတွက်တော့ လိုအပ်ပါတယ်။ သို့သော်ထိုမျှနှင့် အပါယ်လေးဘုံက(ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်) မလွတ်နိုင်ပါ။ ကုသိုလ် အားကြီး၍ နတ်ဘုံရောက်သော်လည်း ကုသိုလ်ကံ အရှိန်ကုန်သော် အကျမသက်သာပေ။  ၀ိပဿနာသည် မိမိကိုယ်တိုင်အားထုတ် မှသာရပါတယ်။ မြတ်စွာဘုရားရှင်ဟာ သုမေဓာရှင်ရသေ့ ဘ၀မှာကပင် ပါရမီ ပြည့်ဝသူဖြစ်ပါတယ်။ ရသေ့ဘ၀မှာတွင်ပင် နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင် ပါတယ်။ သို့သော်လည်း ဝေနေယျသတ္တ၀ါတို့အား သနားဂရုဏာသက်စွာဖြင့် ဘုရားဆုကိုပန်ကာ ပါရမီဖြည့် ကျင့်တော်မူတယ်။ လေးအသေင်္ချောနဲ့ ကမ္ဘာတစ်သိန်း၊ ပစ္စေကဗုဒ္ဓါကတော့ နှစ်အသေင်္ချောနဲ့ ကမ္ဘာတစ်သိန်းပါ။ သစ္စာလေးပါးတရားကို သိတာချင်းတူတူမြတ်စွာဘုရားရှင်က ပါရမီပိုဖြည့်ကျင့်ရပါတယ်။ သစ္စာလေးပါးတရားကတော့ 
(၁) ဒုက္ခသစ္စာ
(၂) သမုဒယသစ္စာ
(၃) မဂ္ဂသစ္စာ
(၄) နိရောဓသစ္စာ တို့ပဲဖြစ်တယ်။
ထိုသစ္စာလေးပါးတရားတော်ကို မြတ်စွာဘုရားရှင်ပဲဟောကြားတော်မူတယ်။ ပစ္စေကဗုဒ္ဓါက သိသော်လည်း ဟောကြာခြင်းမရှိပေ။ ဒါကမိတ်ဆက်
           တရားစထိုင်မည့်သူများသည် မိမိတို့အားသန်ရာ အားထုတ်လို့ရပါတယ်။ ဘယ်လိုအားထုတ်သလဲ ရိပ်သာစသည်များတွင် (၇) ရက်၊ (၁၀) ရက် စသည်ဖြင့်နည်းနာယူအားထုတ်ရင်လည်းဖြစ်ပါတယ်။ အချိန် မရပါက စမှတ်တဲ့နည်းလေးကလွယ်ပါတယ်။ ပထမဆုံး ၀င်လေထွက်လေကိုစမှတ်ပါ။ ဘယ်လိုမှတ်သလဲ ဆိုတော့ ညင်သာတဲ့ အသက်ရူသွင်းလိုက်တဲ့ အခါ လေ၀င်သွားတာကိုသိ၊ ရူထုတ်လိုက်တဲ့အခါ ထွက်သွားတဲ့ လေကိုသိ၊ ဒါပါပဲ။ စစချင်းမှတ်ရတာမလွယ်ပါ။ နောက်ကြာလာတဲ့ခါမှာ သိလာပါလိမ့်မယ်။  မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ စိတ္တာနုပဿနာနည်းပေါ့။ ကသစ်ဝိုင် ဆရာတော်ဘုရားကြီးရဲ့နည်းကတော့ ပူတာ၊ အေးတာ၊ လှုပ်တာ၊ ဆင်းရဲတာ၊ ချမ်းသာတာ ၎င်းငါးမျိုးကို ကာယာနုပဿနာ၊ ဓမ္မာနုပဿနာ၊ ဝေဒနာနုပဿနာ လေးမျိုးသောသတိပဌာန်တရား လေးပါးရှိပါတယ်။ ၀င်လေထွက်လေကအလွယ်ကူဆုံး နည်းပါ။ သမာဓိရအောင်မှတ်တာပါ။ ကျန်တဲ့အဆင့်တွေကတော့ ဖြည်းဖြည်းခြင်း သိလာပါမယ်။ ယုံကြည်မှု သည်သာအဓိကပါ (သဒ္ဒါတရား)။
ကိုယ်တိုင်ရေး
Sunday, October 3, 2010
ဝိပဿနာညဏ်စဉ်များ
(ပုံတော်အား Facebook သူငယ်ချင်းထံမှ Download ယူခြင်းဖြစ်ပါသည်-သူငယ်ချင်းကျေးဇူးပါ)
အနိစ္စ၊ ဒုက္ခ၊ အနတ္တ မရှုသေးဘဲ
၁။ သီလစင်ကြယ်အောင် (သိလ၀ိသုဒ္ဓိ)
၂။ သမာဓိရအောင် (စိတ္တ၀ိသုဒ္ဓိ)
၃။ ရုပ်၊ နာမ် အတွက် (ဒိဌိဝိသုဒ္ဓိ)
၎။ ရုပ်၊ နာမ်အကြောင်း အကျိုးအတွက် (ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ)
၁။  သမ္မသနဉာဏ် (ရုပ်၊ နာမ်တို့အပေါ်တွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သုံးသပ်သောဉာဏ်)
၂။   ဥဒယဗ္ဗယဉာဏ် (ရုပ်၊ နာမ်တို့အပေါ်တွင် ဖြစ်ပျက်ကို သိသောဉာဏ်)
၃။  ဘင်္ဂဉာဏ် (ရုပ်၊ နာမ်တို့အပေါ်တွင် အပျက်ကို သိသောဉာဏ်)
၎။  ဘယဉာဏ် (ရုပ်၊ နာမ်တို့အပေါ်တွင်ကြောက်စရာ ဘေးဟုထင်သောဉာဏ်)
၅။  အာဒိန၀ဉာဏ် (ရုပ်၊ နာမ်တို့အပေါ်တွင် အပြစ်မြင်သောဉာဏ်)
၆။  နိဗ္ဗဒါဉာဏ် (ရုပ်၊ နာမ်တို့အပေါ်တွင် ငြီးငွေ့ဖွယ် ဟုမြင်သောဉာဏ်)
၇။  မုစ္စိတုကမျတဉာဏ် (ရုပ်၊ နာမ်တို့၏ လွတ်မြောက်လိုသောဉာဏ်)
၈။  ပဋ္ဋိသင်္ခါဉာဏ် (ရုပ်၊ နာမ်တို့အပေါ်တွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ထပ်မံရှုသောဉာဏ်)
၉။  သင်္ခါရုပေက္ခာဉာဏ် (ရုပ်၊ နာမ်တို့အပေါ်တွင် လျစ်လျူရှုသောဉာဏ်)
၁၀။ အနုလောမဉာဏ် (ရှေး ၀ိပဿနာဉာဏ်များနှင့် နောက်ဗောဓိပက္ခိယတရားများအား လျော်သောဉာဏ်)
                 ဤနေရာတွင် အနုလောမဉာဏ် ၏နောက်တွင် (၃) ပါးကျန်ပါသေးသည်။ ထိုသုံးပါးသည် အနုလောမဉာဏ် ရောက်သည်နှင့် ဆက်တိုက်တက် ၍လှမ်းသွားခြင်းဖြစ်ပါသည်။ အနုလောမဉာဏ် အောက် ဉာဏ်များသည် အားထုတ်မှုနည်းပါက ဥဒယဗ္ဗယဉာဏ် (ရုပ်၊ နာမ်တို့အပေါ်တွင် ဖြစ်ပျက်ကို သိသောဉာဏ်) ထိပြန်လည်ကျသွားပြန်သည်။ ထိုဉာဏ် အောက်ပြန်မရောက်နိုင်တော့ပါ။ ခုကျွန်တော်ဖော်ပြအပ်သော ဉာဏ်စဉ်များသည် မြတ်စွာဘုရားဟောကြားအပ်သော ဉာဏ်စဉ်များသာဖြစ်ပေသည်။ လောကုတ္တရာနှင့် သာသက်ဆိုင်သောဉာဏ်များလည်းဖြစ်ပေသည်။ အားထုတ်မှသာရရှိသောဉာဏ်များဖြစ်သည်။ မိမိ ကိုယ်တိုင် အကျင့် (စရဏ) များပါမှ ကိလေသာနည်းပါမှ၊ သမာဓိအားကောင်းပါမှရရှိနိုင်ပါသည်။
(ကျမ်းကိုး-ဉာဏ်စဉ်များအား ဆရာဦးရွှေအောင်ရေးသားသည့် အတ္တ၀ါဒမှ အနတ္တ၀ါဒသို့ခရီးစဉ်စာအုပ်မှ ယူထားခြင်းဖြစ်ပါသည်.။) 
Tuesday, September 28, 2010
သောတာပန်ကြောင်း
သောတာပန် ကို နားဖြင့်ပန်ဆင်(ကြားနာ) ၍ဖြစ်သော လေးခုမြောက် အောက်ဆုံး တမဂ် တဖိုလ်ရ အရိယာ ဟုဆိုရပေမည်။ မြတ်စွာဘုရားရှင်သည် လေးအသင်္ချေဖြည့်ကျင့်သောပါရမီဖြင့် ဗောဓိပင်ရင်းအောက်တွင် ဘုရားအဖြစ်သို့ရောက်တော်မူသည်။ မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်တော်မူသည့် အချိန်ထိ သံဃာ မပေါ်သေးချေ။ ပဉ္စ၀ဂ္ဂီ ငါးပါးတို့အား ဓမ္မာစင်္ကြာတရားဦးဟောမှသာ သံဃာပေါ်လာပေသည်။ ထိုအချိန်တွင်မှ မြတ်စွာဘုရားသည် ဘုရားဖြစ်ကြောင်း ၀န်ခံပေသည်။ ပထမဦးစွာ အရှင်ကောဏ္ဍည သည် ရဟန်းအဖြစ် မြတ်စွာဘုရားထံတောင်းခံသည်။ အရှင်ကောဏ္ဍညသည်  မြတ်စွာဘုရား၏ တရားအဆုံးတွင် သောတာပန်တည်၏။ ပထမဦးဆုံးသော အရိယာသံဃာသည် အရင်ကောဏ္ဍညဖြစ်သည်။ မြတ်စွာဘုရား မယ်တော်မာယာဝမ်းတွင်း တွင်နေစဉ်ကပင်လျှင် ဘုရားစင်စစ်ဧကန်ဖြစ်ရမည်ဟု နိမိတ်ဖတ်တော်မူသည်။ ရှေးရဟန်းများ၊ လူပုဂ္ဂိုလ်များသည် ခန္ဒာညဏ်လှည့် မြတ်စွာဘုရား တရားတစ်ပုဒ်ဆုံးသည်နှင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရတ္တဖိုလ် တည်ကုန်၏။ ပါရမီအားရင့်သန်သူများဖြစ်ပေသည်။ ပါရမီအားနည်းသော အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားနှင့် နီးကပ်စွာ၊ အချိန်ကြာမြင့်စွာနေထိုင်သူဖြစ်သော်လည်းပဲ ထိုစဉ်က ပါရမီညဏ် အားနည်းသူဖြစ်သည့်အတွက် သောပန်နှင့်သာ အနိစ္စရောက်လေသည်။ သောတာပန် ပုဂ္ဂိုလ်သည် တစ်မဂ်တစ်ဖိုလ် ရရှိထားသူဖြစ်ပေသည်။ အပါယ်တံခါးပိတ်သောသူလည်းဖြစ်သည်။ သက္ကာယဒိဌိခေါ် ငါစွဲ အတ္တစွဲ၊ ယုံးမှားသံသယ ကင်းသောသူလည်းဖြစ်ပေသည်။ ခုနှစ်ဘ၀သာ ကျန်သော ပုဂ္ဂိုလ်လည်းဖြစ်ပေသည်။
       ယခုဘ၀ သောတာပန် ဧကန်ဖြစ်နိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် သာသနာတော် နှစ် ၅၀၀၀ ထားခဲ့ပါ သည်။ ဘာကြောင့်ထားခဲ့သနည်း အရိယာသံဃာများကျန်သေး၍ ဖြစ်ပါသည်။ လူအရိယာ၊ ရဟန်းအရိယာ များကျန်နေသေး၍ နှစ် ၅၀၀၀ ထားခဲ့ခြင်းဖြစ်သည်။ သကြားမင်းသာသနာမဟုတ်ပါ။ သိကြားမင်းက စောင့်လျှောက်သောကြောင့်ပြောဆိုကြခြင်းဖြစ်လိမ့်မည်။ ယခုနှစ် ၅၀၀ သည်ဝိမုတ္တိ သာသနာဖြစ်သည်။ နောင်တွင် ဘုရားရှင်၏ တရားတော်များ ကွယ်ပြောက်သွားနိုင်သည်။ ဘာကြောင့်နည်း.. ရုပ်ပိုင်းဆိုင်ရာများ တိုးတက်လာလျှင် လောကသဘာဝအရ နာမ်ပိုင်းဆိုင်ရာများ ပျောက်ကွယ်မြဲဖြစ်သည်။ အချုပ်ဆိုရသော် ရိပ်သာများတွင် နည်းနာခံ လေးနက်စွာ အားထုတ်ပါက ရုပ်နာမ်မြင်သော ညဏ် (နာမရူပပရိစ္ဆေဒညဏ်)၊ ကြောင်းကျိုးဆင်ခြင်သော ညဏ် (သစ္စယာပရိဂ္ဂဟညဏ်)၊ ကြောင်းကျိုး ဆင်ခြင် ဖြစ်ပျက်မြင်သော (ဥဒ္ဒယဘယညဏ်) ၎င်းညဏ်များသည် ယခုဘ၀တွင်းရနိုင်ပါသေးသည်။ ထိုထက်ထိုးထွင်း ထက်မြက်ပါက တထိုင်းတည်းနဲ့ပင်လျှင် တစ်မဂ်တစ်ဖိုလ်ကစ၍ လေးမဂ်လေးဖိုလ်ထိရနိုင်ပါသည်။ မည်သူမှ ပါရမီ ကိုမမြင်နိုင်ပါ။ ဥဒ္ဒယဘယညဏ် ကိုပိုင်စွာသိလျှင် အားထုတ်ဆဲ(ကျမ်းဂန်များတွင်) စူဠသောတာပန်ဟု ဆိုထားပေသည်။ ထိုသူသည်လည်း သီလလုံခြုံပါက အပါယ်မလားပဲ ရှေးဆက် မဂ်ရနိုင်ပါသည်။ ဆုကြီးပန်ဖြစ်မည်ဆိုပါက ဥဒ္ဒယဘယညဏ် အထက်ဆက်မတက်ပဲ ရှေးဘ၀များတွင်မှာမှ မဂ်ရနိုင်ပါသည်။ မြတ်စွာဘုရား၏ တရားတော်များသည်သိမ်မွေ့နူးညံ့၍ ညဏ်တရားတော်များဖြစ်သည်။       ။
တစ်ခုခုလိုခဲ့သော် ကျွန်တော့်အပစ်သာ (ကျင့်သိဝိပသနာ)
ဗုဒ္ဓဂုဏံ အဟံ ၀န္ဒာမိ ၊ ဓမ္မဂုဏံ အဟံ ၀န္ဒာမိ၊ သံဃ ဂုဏံ အဟံ ၀န္ဒာမိ
Wednesday, September 22, 2010
ပညတ် နဲ့ ပရမတ်
      သူငယ်ချင်းတစ်ယောက်နဲ့ ငြင်းခုံရင်းရေးဖြစ်တာပါ။ ကျွန်တော်ဓမ္မစာတွေအရင်က ကလောင်တစ်ခုနဲ့ ရေးဖူး ပါတယ်။ ဓမ္မာစရိယ တစ်ယောက်မဟုတ်တဲ့အတွက် သူတို့လောက်တော့ မသိပါဘူး။ ပညတ်အကြောင်း ပရမတ် ကို အသေးစိတ်သိချင်ရင်တော့ ၀ိသုဒ္ဒိမဂ် မြန်မာပြန်စာအုတ်ထဲမှာ ဖတ်နိုင်ပါတယ်။
ပညတ်ဆိုတာ အမှန်တကယ်ရှိတယ်လို့ ထင်ရပေမယ့် အမှန်တကယ်မရှိသော အရာကိုပညတ်ဟုခ်ါသည်။
ဥပမာ ဇွန်းကို ခတ်စရာလို့ခေါ်လည်းရတယ်။ မွေးကာစ ခလေးတစ်ယောက်ကို မောင်ဘ၊ အသားမဲပါက မောင်မဲ၊ အသားဖြူပါက မောင်ဖြူ ပေးသလို အဲဒါတွေဟာပညတ်တွေပါပဲ။  ဒီထက်ရှင်း အောင်ကျွန်တော် မပြောပြတတ်ပါ။ ပညတ်ပရမတ်ကွဲလျှင် အတ္တ အနတ္တ သေချာသိပါပြီ။ ရုပ်-နာမ်ကွဲပါပြီ။ ရုပ် နာမ်ကွဲ လျှင် နိဗ္ပာန် သို့ရောက်ဖို့မဝေးတော့ပြီ။
ပရမတ်ဆိုတာ  အမှန်တကယ်မရှိဘူးလို့ထင်ရပေမယ့် အမှန်တကယ်ရှိသောအရာကိုခေါ် ပါသည်။
ပရမတ်ကြတော့ မြတ်စွာဘုရားဟော တရားတော်များကို ပိုင်းခြားသိသောအသိပင်ဖြစ်သည်။ နာမ် ရုပ်ကွဲပြားသော ဉာဏ် နာမရူပရိတ္ဆေဒဉာဏ်ကဲ့သိုသော ဉာဏ်၊ ထိုထက်ပိုသိသော ဉာဏ်များကို ကျင့်သိဖြစ်ရရှိ သိရှိခြင်းပင်ဖြစ်သည်။ ကျွန်တော်သိသော အသိအားရေးထားခြင်းသာဖြစ်ပါသည်
ၦၦႎႎ